“မြန်မာတို့အသက်”
အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)
ဤစာအုပ်၌
မေတ္တာရှင်ဆရာတော်သည် ဗုဒ္စဘာသာသည်
မြန်မာလူမျိုးတို့၏အသက်၊
မြန်မာနိုင်ငံ၏၀ိညာဉ် အဖြစ်
အခိုင်အမာဆိုထား၏။
ဗုဒ္စတရားတော်နှင့်ပတ်သက်၍
လူ့ဘ၀ကိုလည်း ဆန်းစစ်ပြထား၏။
ယင်းတို့မှာ အသက်ရှင် လူသား၊
အသက်ငင်လူသား၊ အသက်မဲ့လူသားတို့ဖြစ်၏။
ထေရ၀ါဒဗုဒ္စဘာသာဝင်စစ်သူသည်
အသက်ရှင် လူသားဖြစ်၏။
ရောကောသောကော ဗုဒ္ဓဘာသာဝင်
ဖြစ်သူသည် အသက်ငင်လူသားဖြစ်၏။
ဗုဒ္ဓဘာသာကို စွန့်လွတ်သွား
သူများသည် အသက်မဲ့လူသားများ
ဖြစ်ကြသည်။ ဤသို့လျှင်
ဗုဒ္ဓဘာသာကို လူ့အသက်နှင့်ထပ်တူပြု၍
ဆိုထားသည်ကို တွေ့ရ၏။
ကျေးကုလားတို့အား ဒုဋ္ဌဂါမဏိမင်း
နှိမ်နှင်းခန်းကို သက်သေပြုထား၏။
ဤစာအုပ်၌
ဒါနခန်း၊ သီလခန်း၊ သမထဘာဝနာခန်း၊
ဝိပဿနာဘာဝနာခန်းတို့သည်
ပဓာနဖြစ်သော်လည်း လူ့ဘ၀ကို
ဆန်းစစ်ခြင်းနှင့်
ဗုဒ္ဓဘာသာဖြစ်သောအချိန်တို့ကိုလည်း
ပဏာမအနေဖြင့် ဖော်ပြထား၏။
ထိုသို့ဖော်ပြရခြင်းမှာ
အသက်ငင် လူသားများနှင့်
အသက်မဲ့လူသားများသည်
လူ့ဘ၀တန်ဖိုးနှင့်
ရတနာသုံးပါးဂုဏ်ကျေးဇူးကို
သေချာမသိသော ကြောင့်-ဟု
ဆိုထား၏။
“လူ့ဘ၀ကို
ဆန်းစစ်ခြင်း”
ဤအခန်း၌
ဝိမာန၀တ္ထုအဋ္ဌကထာလာ လူလေးမျိုး
သရုပ်ကို မျက်မှောက်ကာလဖြစ်ရပ်မှန်
လူ့ဘ၀များဖြင့် အကျယ်ပြဆိုထား၏။
လူ့ငရဲသား(ကျော်မြ)
၊ လူ့တိရစ္ဆာန်(ကျော်ဘ)၊
လူ့ပြိတ္တာ(ကျော်လှ)၊
လူ့ပရမတ္တတို့ဖြစ်၏။ လူသား
စစ်စစ်ဖြစ်ပါလျက် လူ့ချမ်းသာမခံစားရဘဲ
ငရဲသားတွေလို ဆင်းရဲခံနေရသူကို
လူ့ငရဲသားဟု ခေါ်၏။ လူဖြစ်ပါလျက်
ပြိတ္တာတွေလို စားရမဲ့၊
သောက်ရမဲ့ အငတ်ငတ် အပြတ်ပြတ်ဖြင့်
ဘ၀ကျင်လည်ရသူများကို
လူ့ပြိတ္တာဟုခေါ်၏။ လူပီသအောင်လည်း
ကျင့်သူ၊ လူ့စည်းစိမ်းကိုလည်း
ခံစားရသူ၊ ကုသိုလ်တရား၌
မမေ့မလျော့သူကိုမူ လူ့ပရမတ္တဟု
ခေါ်၏။
ဤလူလေးမျိုးကို
အကျယ်ပြဆိုခန်းကို ဖတ်ရသည်မှာ
မှတ်သားစရာကောင်းလှပါသည်။
သို့သော် လူ့ငရဲသား ကျော်မြ
အကြောင်းကိုဖတ်ရသည်မှာ
ငရဲရောက်ကြောင်း(ဒေါသ)တရားသာ
ပေါ်လွင်ပြီး၊ ငရဲဆင်းရဲကား
မထင်ရှားလှပါ။ ငရဲခန်းကို
ပေါ်လွင်စွာဖော်ပြနိုင်အောင်
ငရဲခန်းမှ လွတ်မြောက်လာသူများနှင့်
တွေ့ဆုံးဆွေးနွေးပြီး
ဖေါ်ပြလျှင် ပိုမိုပေါ်လွင်
ပေလိမ့်မည်။ ထို့ပြင်
လူ့ပရမတ္တ(လူအစစ်)ကိုလည်း'ကျော်လှ'နာမည်ဖြင့်
တကယ့်ဖြစ်ရပ်မှန်များမှ
ဖေါ်ထုတ်ရေးသားသင့် ပေသည်။
ဤလူလေးမျိုး
တရားတော်ဖြင့်ပင်
တရားတစ်ပုဒ်ဟောနိုင်ပါသည်။
တရားတစ်ပွဲပြီးနိုင်ပါသည်။
အထူးသဖြင့် ယဉ်ကျေးမှုသင်တန်းများ
အလယ်တန်း အထက်တန်းလို
စာသင်ကျောင်းများမှာ ဟောလျှင်
ပို၍ထိရောက်နိုင်ပါသည်။
သို့မှသာ ကျောင်းသား၊
ကျောင်းသူ၊ လူငယ်လူရွယ်များ
ထောင်ကိုကြောက်လာမည်။
ရာဇ၀တ်မှု(ဒုစရိုက်မှု)ကို
ကြောက်လာမည်။ လူ့တိရစ္ဆာန်ဘ၀ကို
ရွံမုန်းလာမည်။ လူ့ပြိတ္တာဘ၀ကို
စက်ဆုပ်လာမည်။ ကုသိုလ်တရားမှာ
ပျော်မွေ့လာမည်။ လူပီသလာမည်။
နိုင်ငံ့သားကောင်းရတနာများ
ဖြစ်လာနိုင်ပါသည်။
အမျိုးဘာသာ၊
သာသနာအတွက် အနာဂတ်၏ရင်သွေးငယ်လေးများ
ဖြစ်လာနိုင်ပါသည်။ထို့ကြောင့်
ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ
မေတ္တာရှင်ဆရာတော်အား
ပင့်ဖိတ်၍စာသင်ကျောင်း
သာသနာပြုကြပါမူ ပညာရေး၊
ဘာသာရေးပါမကျန် အဖက်ဖက်မှ
ပြည့်စုံသော လူတော်လူကောင်းလေးများ
ထွန်းကားလာမှာ မလွဲဧကန်
ဖြစ်ပါတော့ သည်။
“ဗုဒ္စဘာသာဖြစ်သောအချိန်”
ဤအခန်း၌
လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊
သရဏဂုံသုံးပါး၏ ဂုဏ်ကျေးဇူးကို
သေချာစွာမသိက ဘာသာကူးပြောင်း
နိုင်ကြောင်း၊ ပထမကြီးတန်းရောက်စာသင်သား
ရဟန်းပျိုးတစ်ပါး ကုလားမနှင့်ညား၍
ဘာသာပါ စွန့်လွတ်သွားပုံ၊
' အဘိဝံသဘွဲ့'
ရပြီးပါလျက်
ဓမ္မဆရာအဖြစ်နှင့် မိခင်ဘာသာကို
ပြန်လည်ထိုးနှက်ခဲ့ပုံတို့ကို
ပြဆိုထား၏။ ဤကဲ့သို့သော
ပုဂ္ဂိုလ်မျိုးကို
အမှတ်တမဲ့ထွက်ကျသွားသော
တံတွေးတစ်ပေါက်လောက်ပင်
ကျွန်ုပ်မနှမြောနိုင်ပါ။
ထိုသူတို့၏ သရဏဂုံ သည်
ကြက်တူရွှေး သရဏဂုံမျိုးဖြစ်၏။
မှန်၏။ နှုတ်ခမ်းဖျားမှာ
တည်သောဘုရားမျိုးသည် ပြိုလွယ်
ပျက်လွယ်၏။ ထိလွယ် ရှလွယ်၏။
မခိုင်မြဲတတ်။ ထိုသို့သော
သရဏဂုံမျိုးကို ကြက်တူရွေးသရဏဂုံဟုဆိုရ၏။
ကြက်တူရွေးသရဏဂုံအဆင့်သာ
ရှိသေးပါက တိပိဋကဓရပင်
ဖြစ်စေကာမူ စိတ်မချရသေးပေ။
နှလုံးသားမှာတည်သော
ဘုရားမျိုးသည်သာ မည်သည့်ဘေး
အန္တရာယ်ကြောင့်မျှ မပျက်စီးနိုင်၊
မည်သည့်ရန်သူကမျှ မဖျက်ဆီးနိုင်သည့်
ခိုင်မြဲသော သရဏဂုံမျိုးဖြစ်၏။
ထိုသရဏဂုံမျိုး ကို
အစစ်အမှန်သရဏဂုံမျိုးဟု
ဆိုရ၏။
ကျွန်ုပ်တို့သာသနာတွင်
ဗုဒ္ဓဘာသာမှ တခြားဘာသာသို့
ကူးပြောင်းသွားကြသူများ
အမြောက်အမြားရှိပေသည်။
ထိုသူများကို လေ့လာကြည့်လျှင်
မသိ၍ ကူးပြောင်းသွားသူများက
ငါးဆယ်ရာခိုင်နှုန်းရှိ၏။
သိသော်လည်း ငွေကြေးအခက်
အခဲကြောင့် ကူးပြောင်းသွားသူများက
နှစ်ဆယ့်ငါးရာခိုင်နှုန်းရှိ၏။
သိလည်းသိ ရှိလည်းရှိပါလျက်
အလိုရမ္မက်ကြောင့်
ကူးပြောင်းသွားသူများက
နှစ်ဆယ့်ငါးရာခိုင်နှုန်းရှိ၏။
ကျွန်ုပ်တို့
အလုပ်လုပ်နေသည်မှာ
ကိုယ့်ဘာသာအကြောင်းလည်း
နက်နက်နဲနဲ မသိမြင်၊
သူ့ဘာသာအကြောင်းလည်း ထဲထဲဝင်ဝင်
မလေ့လာသည့် အသိတရား
ကင်းမဲ့သူများနှင့် ငွေကြေး
မပြည့်စုံ၍ လာဘ်လာဘဖြင့်
စည်းရုံးခံရသော
ပစ္စည်းဥစ္စာမရှိသူများအတွက်သာဖြစ်၏။
ကျန်လူအတွက်မူ
ကျွန်ုပ်တို့မှာ တာဝန်မရှိပေ။
သဗ္ဗေသတ္တာ ကမ္မဿကာ သဘောမျိုးထားရုံသာရှိ၏။
သို့မဟုတ် မလေးရှားနိုင်ငံလို
အမျိုးသားကာကွယ် ရေးဥပဒေဖြင့်
စောင့်ရှောက်ကာကွယ်ရုံသာ
ရှိ၏။ ဘုရားလောင်းသည် မိစ္ဆာ
အယူယူဖူး၏။ ဘုရားလက်ထက်တုန်းကလည်း
ဘာသာကူးပြောင်းသွားသူများ
ရှိဖူး၏။ ထို့ကြောင့်
နှုတ်ခမ်းဖျားမှာ ဘုရားတည်ထားသည့်
ဘုရားသားတော် မ-စစ်သူများ
ဘာသာကူးပြောင်းခြင်းကိုမူ
ကေသမုတ္တိသုတ္တန်သဘောတရားအရ
အပြစ်အတင်ထိုက်ပေ။
သို့သော်
၎င်းတို့ကို ပြောလိုသည်မှာ
ဗုဒ္ဓဘာသာတရားတော်သည်
မြန်မာတို့အတွက် မိခင်ဘာသာဖြစ်၏။
နောက်တိုးဘာသာများကား
မိထွေးဘာသာများသာဖြစ်၏။
မိထွေးသည်ပင် မည်သို့ပင်
မေတ္တာစေတနာထားနိုင်၊ မည်မျှပင်
ကျွေးနိုင် မွေးနိုင်စေကာမူ
မိခင်ရင်းလောက်တော့
မကောင်းနိုင်ပေ။ မိခင်ရင်းလိုတော့
အနစ်နာမခံနိုင်ပေ။ ဤသဘော
တရားကိုတော့ နားလည်ထားဖို့
လိုပေလိမ့်မည်။
“ဗြဟ္မာလိုလူ
မျောက်လိုလူ”
လူသားတို့၏သမိုင်းအစကို
ချားလ်ဒါဝင်က မျောက်ကစသည်ဟု
ဆို၏။ ပိဋကတ်တော်က ဗြဟ္မာကစသည်ဟု
ဆို၏။.
ဤသဘောတရားနှင့်ပတ်သက်၍
မေတ္တာရှင်ဆရာတော်က သီဟိုဠ်ဝတ္ထုလေး
တစ်ပုဒ်ဖြင့် သူ၏အမြင်ကို
ပြဆိုထား၏ နွံထဲနစ်နေသော
နွားကြီးဒတ္တကို မျောက်လိုလူများက
အရေခွါကြ၊ ညှဉ်းဆဲကြပုံ၊
ဗြဟ္မာလိုလူက ကူညီဖေးမ
ကယ်တင်ခဲ့ပုံကို ဖတ်ရသည်မှာ
ရှင်းခနဲ လင်းခနဲ သဘောကျဖွယ်
ဖြစ်ပေသည်။
"လူစတင်ဖြစ်ပေါ်ခြင်းအကြောင်းကို
တင်ပြရာတွင် တချို့ကလူသည်
တိရစ္ဆာန်ဖြစ်သော မျောက်မှဆင်းသက်လာ
သည် ဟုဆို၏။ တချို့ကလူသည်
ဗြဟ္မာမှ ဆင်းသက်လာသည်ဟု
ဆို၏။ လူတို့၏ စိတ်နေစိတ်ထား၊
အကျင့်အကြံတို့ကို
ထောက်ဆကြည့်လိုက်လျှင်
ဤအယူအဆနှစ်ခုလုံးသည်
လျော်ကန်သင့်မြတ်၏။
တိရစ္ဆာန်တို့သည်
များသောအားဖြင့် ရက်စက်ကြမ်းကြုတ်ကြသည်။
နိုင်ရာစားဝါဒရှိကြသည်။
ထို့ကြောင့် မျောက်မှဆင်းသက်လာသော
လူသားများသည် ကိုယ့်အတွက်
တစ်ဖို့သာကြည့်၏။ ရက်စက်ကြမ်းကြုတ်၏။
အကြင်နာ ကင်းမဲ့၏။
ဗြဟ္မာတို့သည်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ဟူသော ဗြဟ္မစိုရ်တရားနှင့်သာ
နေကြသကဲ့သို့ ဗြဟ္မာမှဆင်းသက်လာသော
လူသားများသည်လည်း
ကိုယ်ချင်းစာတရားထား၏။
သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်မျှ၍ကြည့်
၏။ ကိုယ့်ထက်နိမ့်လျင်သနားစိတ်ဖြင့်
ကူညီ၏။ တန်းတူဆိုလျှင်
မေတ္တာထား၏။ ကိုယ့်ထက်သာသွားပြန်လျှင်
မုဒိတာပွါး ၀မ်းမြောက်၏။
ဆိုလိုသည်မှာ
တိရစ္ဆာန်များလို အတ္တအတွက်
လောကကိုအသုံးချသူ၊ အနိုင်ကျင့်ဝါဒကို
ကျင့်သုံးသူသည် မျောက်မှဆင်းသက်လာသော
လူသားဖြစ်၏။ မျောက်မျိုး
မျောက်နွယ် မျောက်ဂိုဏ်းဝင်ဖြစ်၏။
အတ္တကို လောကအတွက် အသုံးချသူ
ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားသူသည်
ဗြဟ္မာက ဆင်းသက်လာသော လူသားဖြစ်၏။
ဗြဟ္မမျိုး၊ ဗြဟ္မနွယ်၊
ဗြဟ္မဂိုဏ်းဝင်များ ဖြစ်၏။
ဤသည်မှာ
မေတ္တာရှင်ဆရာတော်၏ အတွေးအမြင်
ဆန်းသစ်မှုဖြစ်ပေသည်။
ဤသို့ဆိုလျှင် အသင်စာရှုသူ
အသင်လူသားသည် အဘယ်မျိုးနွယ်၊
အဘယ်ဂိုဏ်းဝင် ဖြစ်လေသနည်း။
“ဗုဒ္စအလိုကျ
ဒါနပြုနည်း”
ဤအခန်း၌
အဂုင်္တ္တိုရ်ပါဠိတော်လာ
သပ္ပုရိသဒါန(သူတော်ကောင်းအလှူ)
ငါးပါးကို
ဆောင်ပုဒ်အလင်္ကာများဖြင့်
အကျယ်တ၀င့် ပြဆိုထား၏။ ဤဒါနသည်
လူသားတိုင်း ကိုင်စွဲထားရမည့်
လက်စွဲတရားဖြစ်၏။ ၎င်းတို့မှာ-
(က)
ရတနာသုံးပါးကြည်ညိုခြင်း
(သဒ္ဓါဒါန)
(ခ)
အလှူခံပုဂ္ဂိုလ်ကို
ရိုသေခြင်း (သက္ကစ္စဒါန)
(ဂ)
လိုအပ်သောအရာကိုလှူခြင်း
(ကာလဒါန)
(ဃ)
လှူပြီးဝတ္တုကို
မစွန်းငြိခြင်း (အနုဂ္ဂဟိတစိတ္တဒါန)
(င)
မိမိအလှူအတွက်
သူတစ်ပါးကို မထိခိုက်ခြင်း
(အနုပဟစ္စ
ဒါန)
တို့ဖြစ်၏။
ဆောင်ပုဒ်-သဒ္စါကြည်ညို၊
ရိုသေလှစွာ အခါကိုသိ၊
မစွန်းငြိဘဲ၊ မထိမပါး၊
ဤငါးပါး၊ မှတ်သား သပ္ပုရိသ၊
မြတ်ဒါန။
ဤတရားငါးမျိုး
အဓိပ္ပာယ်ကို ဇာတ်ဝတ္ထုသုတ္တန်လာ
အဖြစ်အပျက်များ၊လက်တွေ့သာဓကများဖြင့်
တစ်ချက်ချင်း ရှင်းပြထား၏။
တစ်ပါးစီ၏အကျိုးအာနိသင်ကိုလည်း
မှတ်သားလွယ်အောင် ဆောင်ပုဒ်များဖြင့်
ရှင်းပြထား၏။ ကျောင်းသား၊
ကျောင်းသူ၊ လူငယ်လူရွယ်များ
အလှူဒါနကို စနစ်တကျ
မပြုတတ်သေးသူများ၊ ဘာသာရေး
အခြေခံနည်းသူများ ဤစာအုပ်ကို
မဖြစ်မနေဖတ်သင့်ပေသည်။
အဆိုပါပုဂ္ဂိုလ်များနှင့်
သာသနာ မဖွံ့ဖြိုးသေး သောအရပ်
ဒေသ၌ ဤတရားဟောလျှင်
လွန်စွာအကျိုးများပေမည်။
ယင်းအလှူငါးမျိုး၏
အကျိုးတရားများကို
ဆောင်ပုဒ်များဖြင့်ပြဆိုထားသည်မှာ
ဤသို့ဖြစ်သည်။
(က)
သဒ္ဓါကြည်ရွှင်
လှူဒါန်းလျှင် ရုပ်သွင်အဆင်းလှ။
(ခ)
ရိုသေလှူငြား
သူ့စကား အများနာယူကြ။
(ဂ)
အခါသင့်သဖြင့်
လှူတုံလင့် ချိန်သင့်ကောင်းကျိုးရ။
(ဃ)
မစွန်းငြိတောင်း
လှူတုံရှောင်း အကောင်းသုံးဆောင်ရ။
(င)
မထိမပါး
လှူတုံငြားမူ ထိုသောသူ၏
ပြောထူများပြား စည်းစိမ်အား
ငါးပါးရန်မခ။
ဤ၌
ပဉ္စမဒါနနှင့်ပတ်သက်၍
အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာလည်း
လူ့ဘောင်လူ့လောကမှာ နေထိုင်သော
သူသားတိုင်း မဖြစ်မနေ
သိသင့်ပေသည်။ သို့မှသာ
ထိခိုက်ခြင်း သုံးမျိုးကို
ရှောင်ကြဉ်နိုင်မည်။
ရန်သူငါးပါးကြောင့် မပျက်စီးရဘဲ၊
မွေပွေးခါးပိုက် ပိုက်ထားသလို
ဥစ္စာဒါနကို ကြောင့်ကြရခြင်းမှ
ကင်းဝေးမည်။
"
သူတစ်ပါးကို
မထိခိုက်ခြင်း သုံးမျိုးရှိ၏။
ပထမတစ်မျိုးကား
သည်အလှူမျိုးကို
ငါသာလျှင် လှူနိုင်၏။
တစ်ခြားသူများ မလှူနိုင်ဟူ၍
မာနထောင်ခြင်းပါတည်း။
ဒုတိယတစ်မျိုးကား
သူတစ်ပါးကိုသတ်ဖြတ်၍ သို့မဟုတ်
ခိုးဝှက်လိမ်ညာ လာဘ်လာဘစား၍
ရလာသောဥစ္စာဖြင့် ပေးလှူခြင်းပါတည်း။
တတိယတစ်မျိုးကား
အလှူပြုခါနီးတွင် သားငါးတို့ကို
ရက်ကြို၍ မှာထားခြင်းမျိုးပါတည်း။
မိမိမှာထားခြင်းကြောင့်
သားသတ်သမားများသည် တိရစ္ဆာန်တို့ကို
ပိုသတ်ရ၏။ တိရစ္ဆာန်တို့
ပိုသေရခြင်းသည် မိမိဒါနအတွက်
သူတစ်ပါးကို ထိခိုက်ခြင်းပါတည်း။"
(စာ
၁၁၉)
လှူတတ်ရမည်။
လှူတတ်လျှင်
လှူရကျိုးနပ်မည်။ အန္တရာယ်ပြွမ်းသော
အလှူကို လှူမိပါက အန္တရာယ်ပြွမ်းသော
စည်းစိမ်ကိုခံစားရမည်။
အန္တရာယ်ကင်းသောအလှူကို
ပေးလှူပါက အန္တရာယ်ကင်းသော
စည်းစိမ်ကိုခံစားရမည်။
သို့ဖြစ်၍ လူသားတိုင်း
လှူဒါန်းတတ်၊ လှူရကျိုးနပ်အောင်
စိတ်ထားပုံထားနည်း စနစ်တကျ
လှူဒါန်းနည်းတို့ကို
မေတ္တာရှင်ဆရာတော်က စနစ်တကျ
ပြဆိုထားခြင်း ဖြစ်ပါ၏။
ဤစာအုပ်ကို
ဘာသာတရားလိုက်စားသည့်
လူပုဂ္ဂိုလ်များသာမက၊
ဘာသာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီးသော
စာသင်သား၊ ရဟန်းသာမဏေများပါ
ဖတ်သင့်ပေသည်။ ဥစ္စာစွဲ၍
ပြိတ္တာဘ၀ရောက်ခဲ့ရသော ဓမ္မကထိက
ဦးနန္ဒိယ အကြောင်းဖတ်ရသည်မှာ
သတိသံဝေဂရဖွယ်ပင်။ ခေတ်လူငယ်
ရဟန်းပျိုများ သတိထားသင့်လှ၏။
မေတ္တာရှင်ဆရာတော် သည် ဤစာအုပ်၌
လူပုဂ္ဂိုလ်များသာမက
ရဟန်းပုဂ္ဂိုလ်များကိုပါ
သတိပေးဆုံးမထား၏။ ဆွမ်းအမဂေါပိကာ
အမျိုးသမီးလေးက တာဝတိ
ံသာနတ်ပြည်မှာ တန်ခိုးကြီးဂေါပကနတ်သားအဖြစ်
စံမြန်းရပြီး၊ ဆွမ်းခံကိုယ်တော်သုံးပါးက
ဂန္ဓဗ္ဗကချေသည် နတ်မျိုးဖြစ်ခဲ့ရပုံ၊
ဝိနည်းဓိုရ်မထေရ်ကြီးနှစ်ပါးက
နတ်ဘီလူးများ ဖြစ်ခဲ့ရပြီး၊
၎င်းတို့၏ ပစ္စည်းလေးပါး ဒကာ
ဒကာမများက အထက်နတ်ပြည်မှာ
စံမြန်းရပုံတို့ကို
ကိုးကားပြဆိုထား၏။
သင်ခန်းစားယူသင့်လှပေ၏။
“ကြွေလွယ်ပန်းမို့
အနွမ်းလွယ်သည်”
မေတ္တာရှင်ဆရာတော်သည်
မေတ္တာတရား ကြီးမားလှ၏။
မြန်မာတို့၏ သမီးပျိုများအား
အစ်ကိုကြီးအဘအရာမှ ဆုံမထားသည်ကို
တွေ့ရ၏။ ပြည်တန်ဆာဘ၀သည်
အညှာလွယ်လွန်းရာမှ စတတ်ကြောင်း၊
အရလွယ်လွန်းသောပစ္စည်း ကို
တန်ဖိုးမထားတတ်သည်မှာ
မြန်မာတို့၏ ဓမ္မတာသာဖြစ်ကြောင်း၊
အချိန်မတန်ဘဲ နယ်လွန်မိ၍
လင်သားဖြစ်သူ၏ အထင်အမြင်သေးခံ၊
သံသယဖြစ်ခံ၊ ပြဿနာလုပ်ခံရသော
ကမာရွတ်မြို့နယ်မှ
အမျိုးသမီးတစ်ယောက်ကို
သာဓကပြု ထား၏။ မိန်းကလေးများ
ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့
ဆုံးမထားခြင်းဖြစ်၏။ ဤနေရာ၌
ကျွန်ုပ်သည် ဆွစ်ဇာလန်
နိုင်ငံနှင့် လနာမည်ဆင်သော
ဆွာဇွီလင်နိုင်ငံမှ
ဆွာဇွီလင်ဘုရင်၏ မိန့်ခွန်းတစ်ရပ်ကို
သတိရမိ၏။ အမျိုးသမီးများ
အပျိုရည် ထိန်းသိမ်းသင့်ကြောင်း
ဆုံးမထားသည့် မိန့်ခွန်းဖြစ်၏။
ယခုခေတ် ယခုအခါ၌ကား
ဆေးအားကိုးနှင့်လည်း မိုက်၏။
နည်းပညာအားကိုးနှင့်လည်း
မိုက်၏။ သမီးပျိုလေးများသော်လည်း
ဇနီးပျိုလေးရှားသော ခေတ်ဖြစ်၏။
မိကောင်းဖခင် သားသမီးအနေအထားမျိုးမှာ
မရှိကြတော့ ချစ်လွယ်၏။
ကြိုက်လွယ်၏။ ထိုပန်းမျိုးကို
Amorous Flower
(ကြွေလွယ်ပန်း)ဟုခေါ်၏။
ကြွေလွယ်လျှင် နွမ်းလွယ်မည်။
နွမ်းလွယ်လျှင် အနမ်းကွယ်မည်သာဖြစ်၏။
မည်သူမျှ တန်ဖိုးထားကြတော့မည်
မဟုတ်။ အမြတ်တနိုး ပန်ဆင်ကြတော့မည်
မဟုတ်၊ ဤသဘောကို မြန်မာအမျိုးသမီး
ပျိုတို့ ဂရုပြုဆင်ခြင်ပြီး
မိမိကိုယ်ကို တန်းဖိုးထားသင့်ပေပြီ။
မိမိဘ၀လမ်းဘေးမှာတင်
လမ်းဆုံးရမည့် အဖြစ်မျိုးမှ
ရှောင်ကြဉ်သင့် ပေသည်။
“တရားဝင်
မှုးယစ်ဆေး”
ဤအခန်း၌
အရက်ကိုသက်မဲ့တရားခံဟု
တင်စားထားပါ၏။ တရားဝင်မူးယစ်ဆေးဟုလည်း
အမည်ပေးထားပါ၏။ အရက်ကြောင့်
ဒုက္ခရောက်ပုံကို ၂၀၀၁ ခုနှစ်
နီပေါနိုင်ငံ နန်းတွင်းလုပ်ကြံမူကြီးကို
ကိုးကားပြဆို၏။ အိမ်ရှေ့မင်းသား
ဒီပင်ဒရာသည် အရက်မူးပြီး
ခမည်းတော်၊ မယ်တော်၊ ညီတော်၊
နှမတော်အပါအ၀င်
တော်ဝင်မိသားစု(၁၂)ယောက်လုံးကို
သေနတ်ဖြင့်ပစ်သတ်ပြီး
သူ့ကိုယ်သူလည်း လုပ်ကြံသွား၏။
ဤသို့ဖြစ်ရသည်မှာ အရက်ကြောင့်ဟု
ဆရာတော်က ဆိုထား ၏။ ယခုအခါကား
ဘုရင်မျိုးဆက် လုံးဝပြတ်သွားပေပြီ။
နီပေါနိုင်ငံသည်
ဘုရင်နိုင်ငံမဟုတ်တော့ပြီ။
ဘုရင်ကို ဖြုတ်ချ ဘုရင်စနစ်ကိုရုပ်သိမ်း၍
သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြပြီ။
အိမ်ရှေ့မင်းအရက်မသောက်လျှင်
နန်းတွင်းလုပ်ကြံမှုကြီး
ဖြစ်ဦး မည်လော၊
ထိုသို့ဆိုလျှင်ဘုရင်မျိုးဆက်ပြတ်ပါဦးမည်လော၊
ယခုပြဿနာ၌ အရက်သည် ဧရာမ
ပြဿနာကောင်ကြီး ဖြစ်သည်မှာ
အမှန်ပင်။
အရှင်ဝိစိတ္တာဘိဝံသ
(၀ီရသူ-
No comments:
Post a Comment
စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့