မေး။
။ ကထိန်ခင်းတယ်ဆိုတာ ဘာပါလဲ။
ဖြေ။ ။ အကျိုးအာနိသင်ငါးပါးကို ခိုင်မြဲစေလို့ ကထိန်လို့ခေါ်ရတဲ့ ပညတ်တစ်မျိုးကို ကျောင်းတိုက်အတွင်းမှာ (ခင်းထား=ဖြန့်ထားသလို) ပြန့်နှံ့အောင်ပြုတာ (ဝိနည်းထုံးစံအတိုင်း စီစဉ်တာ)ကို'ကထိန်ခင်းတယ်' လို့ ခေါ်ပါတယ်။ (ကင်္ခါ ဘာသာဋီကာ၊ ၃၁၉) မေး။ ။ ကထိန်ခင်းမှုကိစ္စမှာ အနည်းဆုံး သံဃာ ဘယ်နှစ်ပါးရှိမှ ကိစ္စပြီးနိုင်ပါသလဲ။
ဖြေ။ ။ အနည်းဆုံး ရဟန်း ၄ပါး ရှိမှ သံဃာဖြစ်ပါတယ်။အဲဒီ ၄ပါး သံဃာကမှတစ်ဆင့် ဉတ်ကမ္မဝါစာနဲ့ တစ်ပါးအား ပေးရပါတယ်။ ဒါကြောင့် ကထိန်ခင်းမှုကိစ္စမှာ (ပေးမယ့်သံဃာက ၄ပါး၊ သင်္ကန်းကို ခံယူမယ့် ရဟန်းက တစ်ပါး) အနည်းဆုံး ၅ ပါး ရှိမှ ကိစ္စပြီးစီးနိုင်ပါတယ်။အထက်မှာတော့ သံဃာတစ်သိန်းကလည်း ခင်းနိုင်ပါတယ်။ (ကင်္ခါ ဘာသာဋီကာ၊ ၃၁၉) (မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၇၁)
မေး။ ။ သင်္ကန်း ၃ ထည် (သင်းပိုင်၊ဧကသီ၊နှစ်ထပ်သင်္ကန်းကြီး)ထဲက ဘယ်သင်္ကန်းနဲ့ ကထိန်ခင်း ရပါသလဲ။
ဖြေ။ ။ သုံးထည်ထဲက တစ်ထည်ထည်နဲ့ခင်းရပါတယ်။(သင်းပိုင်နဲ့ ခင်းလိုက သင်းပိုင်နဲ့ ခင်းပါ။ ဧကသီနဲ့ခင်းလိုက ဧကသီနဲ့ ခင်းပါ။ နှစ်ထပ်သင်္ကန်းကြီးနဲ့ခင်းလိုက နှစ်ထပ်သင်္ကန်းကြီးနဲ့ခင်းပါ။ ကထိန်ခင်းမယ့် ရဟန်းရဲ့ ဆန္ဒအတိုင်းပါပဲ။) (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၇၄)
မေး။ ။ ကျောင်းတိုက်တစ်ခုတည်းမှာ အချင်းချင်း မတည့်လို့ နှစ်ကထိန်၊ သုံးကထိန်ခံကောင်း၊ ခင်းကောင်းပါသလား။
ဖြေ။ ။ မခံကောင်းပါ၊ မခင်းကောင်းပါ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊၁၈၄) မဟာစည် ဆရာတော်ကြီး ရေးခဲ့တဲ့ ရဟန်းတွေအတွက်ကထိန်အကျိုးလင်္ကာ
၁။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မရှိပြီ။
၂။ ၃ထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
၃။ ၄ပါးတူပင် ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။
၎။ သင်္ကန်းများစွာ၊ ၅လမှာ၊သိမ်းကာ ထားနိုင်သည်။
၅။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။
(ဝိ၊၃၊၃၅၂)မဟာစည်ဆရာတော်ကြီး ရေးခဲ့တဲ့ကထိန်ဒကာတွေ ရတဲ့ အကျိုး ၅ပါးလင်္ကာ
၁။ လှူသူမှာလဲ၊ နည်းတူပဲ၊ ရမြဲ ကျိုးပါးမည်။
၂။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
၃။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။
၎။ စားလိုရာများ၊ စားသောက်ငြား၊ဘေးကား မရှိပြီ။
၅။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။
၆။ကိုယ့်ပစ္စည်းများ၊ သူတစ်ပါး၊ ယူသွားကင်းပသည်။
၇။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ လျော်စွာ ရနိုင်သည်။
(သုတ္တာနုလောမ)၈။သာမန်ကျိုးလဲ၊ များစွာပဲ၊ ရလဲ ရနိုင်သည်။
မေး။ ။ ကထိန်ကို ဘာကြောင့် ဘုရားရှင်က ခွင့်ပြုတော်မူပါသလဲ။
ဖြေ။ ။ ဘုရားရှင်က သာဝတ္ထိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ပါဝေယျတိုင်းသားဘဒ္ဒဝဂ္ဂီနောင်ညီ ၃ ကျိပ်ဟာ ဓုတင် ၁၃ ပါးကိုဆောင်ကြပါတယ်။ အဲဒီညီနောင် ၃ကျိပ်ဟာ ဘုရားရှင်ကို ဖူးဖို့ သာဝတ္ထိကို လာကြပါတယ်။ ဝါကပ်ရာနေ့ နီးလာတဲ့အခါ သာဝတ္ထိမှာ ဝါဆိုဖို့ မမီနိုင်ကြတော့ပါ။ ခရီးအကြားကသာကေတမြို့မှာ ဝါဆိုကြရ ပါတော့တယ်။ 'ငါတို့ရဲ့အနီးမှာပဲ ဒီသာကေတမြို့က ၆ယူဇနာ ဝေးတဲ့အရပ်မှာ ဘုရားရှင် သီတင်းသုံးတော်မူပေမယ့် ငါတို့ဟာ ဘုရားရှင်ကိုဖူးခွင့်မရကြ' လို့ တွေးကာ ပျင်းရိစွာနဲ့ အဲဒီရဟန်းတွေ ဝါဆို ကြရပါတယ်။ အဲဒီ ရဟန်းတွေ ဝါဆိုပြီးလို့ ၃ လ လွန်တဲ့အခါ ပဝါရဏာ ပြုကြပါတယ်။ ပဝါရဏာပြုပြီး မိုးရွာလို့ ရေပြင်ကြီးဖြစ်နေတဲ့ ရေနဲ့ ရောတဲ့ နွံထဲမှာ မိုးရေစိုနေတဲ့ သင်္ကန်းတွေနဲ့ ပင်ပန်းစွာသာဝတ္ထိမြို့ ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းကို သွားကြပါတယ်။ ဘုရားရှင်ကို ရှိခိုးပြီး သင့်တင့်ရာအရပ်မှာ ထိုင်နေတဲ့ အဲဒီရဟန်းတွေနဲ့အတူ ဝမ်းမြောက်ဖွယ်စကား ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။ အာဂန္တု(ဧည့်သည်) ရဟန်းတွေနဲ့ အတူ ဝမ်းမြောက်ဖွယ်စကား မိန့်ကြားတော်မူတာဟာ ဘုရားရှင်တွေရဲ့ အလေ့အကျင့်ပါပဲ။ ဘုရားရှင်က အဲဒီရဟန်းတွေကို ဒီလို မိန့်တော်မူပါတယ်။ 'ရဟန်းတို့ ခန့်ကျန်းကြရဲ့လား၊မျှတကြရဲ့လား၊ ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာ ချမ်းချမ်းသာသာ ဝါဆိုကြရရဲ့လား၊ ဆွမ်းနဲ့ မပင်ပန်းကြပါရဲ့လား။ ခန့်ကျန်းကြောင်း၊ မျှတကြောင်း၊ ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာ ချမ်းချမ်းသာသာ ဝါဆိုခဲ့ရကြောင်း၊ ဆွမ်းနဲ့ မပင်ပန်းကြောင်းကို အဲဒီရဟန်းတွေက လျှောက်ထားပြီး သူတို့ရဲ့အခြေအနေ ဖြစ်ပုံအလုံးစုံကိုလျှောက်ထားပြကြပါတယ်။ ဘုရားရှင်က အဲဒီအကြောင်းအရာကြောင့် တရားစကား မိန့်ကြားပြီး 'ရဟန်းတို့ ဝါဆိုပြီးတဲ့ ရဟန်းတွေအား ကထိန်ခင်းဖို့ ငါဘုရား ခွင့်ပြုတော်မူတယ်' လို့ မိန့်တော်မူပါတယ်။ (မဟာဝါ ပါဠိ၊ ၃၅၁) မေး။ ။ ကထိန်အဝတ်ကို အလှူခံပြီးနောက် တစ်ရက်လွန်သွားရင် ကထိန်ခင်းကောင်းပါသလား။
ဖြေ။ ။ ကထိန် အဝတ်ကို ရရာနေ့မှာပဲ ခင်းရပါတယ်။ (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၇၅)
မေး။ ။ ကပ္ပဗိန္ဒု မထိုးရသေားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းနိုင်ပါသလား။ သင်္ကန်းကြီး၊ ဧကသီ၊ သင်းပိုင်ဆိုတဲ့ သင်္ကန်းသုံးထည်မှတစ်ပါး အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ စသည်နဲ့ကော ကထိန်ခင်းနိုင်ပါသလား။
ဖြေ။ ။ မခင်းနိုင်ပါ။ ခင်းလျှင် ကထိန်ခင်းသည် မမည်ပါ။ (မဟာဝါ ဘာသာဋီကာ(ဒု)၊၁၉၁)
မေး။ ။ ကထိန်ခင်းနိုင်ရာကာလက ဘယ်ကနေ ဘယ်အထိပါလဲ။
ဖြေ။ ။ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်ကနေတန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်ပါသည်။

No comments:
Post a Comment
စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့