ရတနာအောင်မြေကျောင်း၏မှတ်တမ်းဓါတ်ပုံများ

Saturday 13 October 2012

အမေ ရဲ့ သမီးအဖြစ်တည်ရှိနေတာကို အမြဲဂုဏ်ယူလျှက်ပါ …….


ဤနေရာတွင် အမေစအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကား မဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသော ပညာရှိ တစ်ဦးအဖြစ် တင်စားပြော ဆိုခြင်း သက်သက်သာဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော ()နှစ်ခန့်က လူလောကကြီးကို ကျောခိုင်းထွက်ခွာသွားတဲ့ အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒ စကားများကို လိုက်နာကျင့်ကြံ ကြပြီး ကုသိုလ် အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည် မိပါတော့သည်။
ဆောင်းည ၁ ညပေါ့ … အမေ လူ့လောကကြီးကို ကျောခိုင်းထွက်ခွာသွားတာ၊ အသက် ၃၀ နှစ်ကျော် အရွယ်ငယ်ငယ် မိန်းမနဲ့ အရွယ် မမယ် မောင်နှမတွေပဲ ကျန်ခဲ့တယ်၊ အဆေိုတာကို ဓါတ်ပုံထဲမှာသာ မြင်ရလို့ အမေရယ်ဆိုတာ သိရတယ် .. အမေအသံ၊ အမေ မေတ္တာ မရခဲ့ရသူလေး…။
နူးညံ့သိမ်မွေ့လွန်းတဲ့အမေ .. သား၊သမီးအပေါ် အကြင်နာ မေတ္တာရား ကြီးမားလွန်းတဲ့ အမေ ..။ အဖေဆုံးသွားတဲ့အခါ လောကဓံတရားနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာ နူးညံ့မှုတွေကို စတေးပြစ်ခဲ့လိုက်ရတယ်လေ၊ သား၊ သမီးတွေအတွက်အသက်၊၀ိညာန်ကိုစတေးထားခဲ့တယ်။သား၊ သမီးမျက်နှာကို ငဲ့ကာ၊ ချစ်လှစွာတဲ့ ခင်ပွန်းသည်အပေါ် သေသည့်တိုင်အောင် သစ္စာတရားကို စောင့်ထိန်းသွားမယ့် အမေ၊ အမြဲတမ်း အမေနဲ့ တူတူအိပ်၊ တူတူနေရတဲ့ သမီးမို့ အမေ့ရင်ထဲကို ထိုးဖောက်မြင်ရမိတဲ့အကြိမ်တိုင်း ရင်ကိုဓားနဲ့မွှန်းသလိုပဲ ခံစားခဲ့ရတယ်၊ နာကျဉ်မှုဟာ ဘယ်လောက်များ အမေ့ ခံစားနေရတဲ့ လောကဓံရိုက်နှက်မှုကြောင့် ခံစားနေရတဲ့ အမေ့ရဲ့ နှလုံးသားက ခါးသီးမှုတွေကို မှီနိုင်မှာ မဟုတ်ပါဘူး။

အရည်ပြားတွေ ယုတ်လျော့လာတဲ့ ဇရာအသွင်ကို ဆောင်လာတဲ့ အမေ့လက်ကို ကြည့်ရတိုင်း ရင်ထဲမှာ နာတယ် အမေ၊ အရင်လို ယဉ်ကျေးတဲ့၊ နူးညံ့တဲ့အမေက သား၊ သမီး အတွက်ဆို ကျားရဲ ၁ ကောင်လို သတ္တိအပြည့်ပဲ၊ခင်္သေ့ ၁ ကောင်ရဲ့ မာန်ကလည်း အပြည့်ပဲ။ သား၊သမီးအတွက် အမူအကျင့် တွေပြောင်းလဲသွားတဲ့ အမေ၊ အမြဲတမ်း ပြောနေကျ စကားလေး ၁ ခွန်း“အမေ့ကို စိတ်မပူနဲ့တဲ့ အမေ မသေခင် ငါ့ သမီးလေး သေသွားနေအုန်း မယ်တဲ့လေ….။ အမေ မျက်ရည်ကျရင် မနေတတ်ခဲ့သလို သား၊ သမီး မျက်ရည်ကျရင်လည်း အမေ မနေ တတ်ခဲ့ဘူး၊ ဘယ်လောက်ဝေးနေပစေ သား၊ သမီးအတွက်ဆို ဘာမဆို ရင်ဆိုင်ဖြေရှင်းပေးရဲတဲ့ အမေ့ မေတ္တာ…..

ဒီလောကကြီးမှာ “အမေ ပေးနိုင်တာ အမေမရှိတော့တဲ့နောက်ပိုင်း ဘ၀လမ်းခရီးမှာ ခံနိုင်ရည်ရှိရှိနဲ့ ရပ်တည်နေနိုင်ဖို့ပါပဲ” တဲ့ .. ဒါ အမေက ပေးတဲ့ အမွေပါတဲ့…။

လောကမှာ မိဘတိုင်းက သား၊ သမီးတိုင်းအပေါ်ချစ်ကြတာ ယျထာဘူတာကျတဲ့ အကြောင်းပေမယ့်လည်း မိခင်လိုမျိုး၊ ဖခင် လိုမျိုး အုပ်ထိန်းစောင့်ရှောက်လာတဲ့ အမေ့ရဲ့ သမီးမို့ ဒီလောကကြီးထဲမှာ အမေသာ ရှိနေသေးရင်၊ အမေရှိနေသေးတယ်ဆိုတဲ့ အတွေးက ခန္ဓာကိုယ် အသွေးအသားထဲသည့် တိုင်အောင် ပျော်ဝင်နေတဲ့ အသိတရား ၁ ခုပါပဲ။ လောကအလယ်မှာ ရပ်တည် နေနိုင်တာ “အမေရှိနေသေးတယ်” ဆိုတဲ့ အသိ ၁ ခုကြောင့်ပါပဲ။ ဘယ်သူတွေ ရက်စက်ရက်စက် အမေ မရက်စက်ဘူး၊ ဘယ်သူ တွေ သစ္စာမဲ့မဲ့ အမေ သစ္စာမမဲ့ဘူး၊ ဘယ်သူတွေ နားလည်မှုရှိရှိ မရှိရှိ အမေ နားလည်တယ်၊ ဘယ်သူတွေ ချစ်ချစ် မချစ်ချစ် အမေ ချစ်နေသေးတယ်။ အရာရာသာလျှင် အမေ့ ကြောင့် အားတင်းရှင်သန်နေထိုင်ရတယ်လို့ အမြဲ ကိုယ့်ကိုယ်ကို အားပေးနေသူပါ အခုတော့ အမေမရှိတဲ့ လောကကြီးကိုဖြတ်သန်ခဲ့ရတာ ၇နှစ်တောင်ကြာခဲ့ပြီးပေါ့….

မိဘဆိုတာ သား၊သမီးကို ဘယ်တော့မှ မမုန်းသူပဲ။ ကိုယ့်သား၊ သမီး ကောင်းမွန်စွာ ရှင်သန်နေထိုင်နေတာကိုပဲ မြင်ချင်တာ မိဘတိုင်း အထူးသဖြင့် မိခင်တိုင်း ရဲ့ မေတ္တာတရားပဲ။ မိခင်မေတ္တာ ဟာ ဘယ်လောက်များ သား၊ သမီးတိုင်းအတွက် အေးချမ်း စေသလဲဆိုရင် လောကဓံတရားရဲ့ ကြိမ်းမောင်း မှုကြောင့် ဖြစ်တည်လာတဲ့ သောကအပူ၊ နွေလယ်ခေါင်မှာ ထွန်းလင်းတောက်ပနေတဲ့ နေရဲ့ ပူပြင်း တဲ့ နေရောင်အောက်မှာ လမ်းလျှောက်နေတဲ့အချိန် ခံစားရတဲ့အပူ စတဲ့အပူတွေကိုတောင် မိခင်ရဲ့ ဘေးရန်မဖြစ်စေဖို့ရာ ကာပေးလိုက်တဲ့ လက်ဖ၀ါးရဲ့ အရိပ်ကလေးကတောင်မျှ စမ်းပေါက်ရေ ထက် အေးမြတဲ့ အေးချမ်းမှုဓါတ်ကို ပေးစွမ်းနိုင်ခဲ့တဲ့ အမေ။

ကမ္ဘာပေါ်မှာ မိခင်မေတ္တာ အကြောင်းကို ပြောဆိုရေးဖွဲ့ကြတာ ခိုင်းနှိုင်းပြစရာ စကားလုံးတောင် မရှိခဲ့ဘူးလို့ အဆိုအမိန့်တွေ ရှိခဲ့ပါတယ်။ ဇင်မာအတွက်ကတော့ အမေဟာ မိုးကောင်ကင်ကြီး ပါဘုရား။ နေ့အခါမှာ နေလို လင်းလက်တဲ့ အနွေးဓါတ်ကို ပေါ်ထွန်းပေးစေနိုင်တယ်။ ညအခါမှာ လမင်းကြီးလို အေးမြမှု ကို ဆောင်ကြဉ်းပေးနိုင်တယ်။ နွေအခါမှာ ပူပြင်းတဲ့ ပူလောင်မှုကို သိစေနိုင်ခဲ့ သလို ဆောင်းဥတုမှာ အံတုချေမှုန်းနိုင်မယ့် ဆောင်းညကို ဖြတ်သန်းဖို့ရာ နည်းလမ်းကို ပေးစွမ်းခဲ့တယ်။ မိုးရာသီ ကြောင့် အသည်းပျက်နေ့ရက်တွေကို ဖြတ်သန်းစေတတ်ခဲ့စေပြန်တယ်….။ ကောင်းကင်လိုမျိုး ကျယ်ပြော တဲ့၊ ပြောင်းလဲတဲ့၊ မတည်မြဲခြင်းတွေကို မြင်တွေ့နိုင်အောင် ဖော်ဆောင်ပေးတဲ့ အမေ၊ လောက အလယ်မှာ အမေ မရှိတော့ရင် အမေ့သား၊ သမီး တွေ မျက်နှာငယ်၊ အောက်ကျမခံရစေအောင် သင်ပေးခဲ့တဲ့ အမေ၊ သစ္စာတရားဆိုတာ ဘာလဲဆိုတာကို ပါးစပ်နဲ့မပြောဘဲ လက်တွေ့ဖြတ်သန်းခြင်းနဲ့ သက်သေပြခဲ့တဲ့ အမေ …..

ဒီလို အမေကြောင့် ဇင်မာ အသက်ရှင်နေနိုင်တာပါဘုရား။ ဒီလိုပဲ တခြား တခြားသော သား၊ သမီးများသည်လည်း ကိုယ်လိုနည်းသူ အမေချစ်သူများဖြစ်မည်ဆိုတာကို အကြွင်းမရှိ ယုံကြည်ထားသူပါပဲ။ ချစ်လွန်းအားကြီးရင်၊ ယုံကြည်ကိုးစားလွန်းအားလွန်းရင် ကိုယ်ချစ်လွန်း၊ ယုံကြည်လွန်းတဲ့သူတွေများ ၁ ခုခုဖြစ်သွားမယ်ဆိုရင် ခံစားရတာ မဖြေဆည်းနိုင်ပါဘူး။ ဇင်မာ အကြိမ်ကြိမ် စဉ်းစားတယ် အခါခါလည်း သုံးသပ်တယ် “အမေသာမရှိတော့ရင် ….” အတွေးထဲမှာက အတွေးက အတွေးကို ပြန်ခြောက်ခံထိ ဖူးတယ်။ အတွေးကိုပင် မုန်းမိတယ်။ တွေးနေတဲ့ အတွေးတွေကို ဆက်မတွေးရဲတော့ဘူး၊ အတွေးပေါ်မှာတင် ခံနိုင်ရည်ချင်း မရှိခဲ့ပါဘူး။ ဒီလိုမျိုး ခဏခဏ တွေးမိသလို အတွေးထဲမှာတင်ပဲ ခဏခဏ ပျက်သုန်းခဲ့ဖူးတယ် ….။ အတွေးက အတွေးကို ပြန်ခြောက်စေတဲ့ အတွေးမို့ပါ…..

အမေ မရှိတော့ရင် ဘာလုပ်မှာလဲ… အမေသာမရှိတော့ရင် ရှင်သန်းခြင်းအဓိပ္ပါယ်ဆိုတာ ဘာလဲ .. စတဲ့ အတွေးမျိုးလေး တွေးခဲ့ဖူးတယ် …။ ဇင်မာမှာ ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်လွန်းလို့ အေးငြိမ်းမှုလေး ရဖို့အတွက်ကို တရားများများနာခဲ့တယ်။ ကိုယ်ကသာ ကိုယ့်အတွေးနဲ့ ကိုယ် ဖြစ်နေတာနော် ။မဖြစ်သေးတဲ့ အကြောင်းတရားအတွက် တွေးပူနေပြီး ကိုယ့်ကိုယ်ကို သောကပေးနေမိခဲ့ဖူးတယ်။ ဒီမှာ အသိ ၀င်လာတယ် အမေ မရှိတော့တဲ့နောက် ဘယ်လိုရှင်သန်နေထိုင်သွားရမလဲဆိုတာကို …။

အမေရှိစဉ်မှာ အမေ့ကို ငွေကြေးနဲ့ ကျေးဇူးကို ဆပ်နိုင်တတ်အတိုင်းအတာလေးနဲ့ အမြဲပေးဆပ်သွားခဲ့သလို့ အခုအမေ မရှိတော့တဲ့ နောက်ပိုင်းမှလည်၊ ဇင်မာ ထို့အတူ တရားဓမ္မနဲ့လည်း ကျေးဇူးဆပ်ခွင့်ရှိသူ ကြိုးစားသွားမယ် လို့ စိတ်ကိုဆုံးဖြတ်ချက် ချခဲ့တယ်ဘုရား…။ ဒီလိုပဲ အမေသေသွားခဲ့တယ် .. အခု ဇင်မာ အတွက် အမေ မရှိခဲ့တော့ဘူး အဲဒီသိကြောင်း ဇင်မာ တရားသဖြင့် ဘ၀ကို ဖြတ် သန်းပြီး အေးချမ်းတည်ငြိမ်တဲ့ ဘ၀နဲ့ လောကအတွက် ပေးဆပ်ရင်းနေထိုင်သွားမယ်လို့ ဆိုတဲ့ အသိ (စိတ်) ဖြစ်ပေါ်လာခဲ့ တယ်ဘုရား။ ဒီလို အသိ(စိတ်) ဖြစ်တည်သွားပြီးတဲ့နောက်ပိုင်း ဇင်မာ အမေ့ကို ရှိနေစဉ်တုန်းကလို့ လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနေ ခဲ့သလို .. အမေ မရှိခဲ့တော့လည်း အမေဖြစ်စေချင် တဲ့အတိုင်း “ ကိုယ့်ကိုယ်ကို စောင့်ရှောက်” ရင်းနေထိုင်သွားမယ် ဆိုတဲ့ အသိ(စိတ်)ကြောင့် အရာရာဟာ ငြိမ်းအေးသွားခဲ့ရပါတယ်ဘုရား ….
နေပူသည့်အခါ၊ မိုးရွာသည့် အခါ၊ နှင်းတွေ တဖွဲဖွဲကျသည့် အခါ အမေ့ရင်ခွင်၌ တစ်လျှောက် လုံးရှိလာခဲ့သော သမီးနှင့် မိုင်ပေါင်းများစွာ ဝေးကွာ နေရသည့် အဖြစ်သည် ဇင်မာကို ၀မ်းနည်း ချောက်ချားစေ ပါတယ်ဘုရား။ လောကဓံ ဆိုသည့် တရားကြီးကို ရင်ချင်းအပ် သို့မဟုတ် ကျောချင်းကပ်၍ ရင်ဆိုင်ဖော် ဆိုလို့ တစ်လောကလုံးမှာ သမီးနှင့် အမေ နှစ်ယောက်တည်း ရှိသည် မဟုတ်လား။
သို့ပေမယ့် အတောင် အလက်စုံ၍ ပျံသန်းချိန် ရောက်လာသည့် သမီး၏ ဆန္ဒကို အမေသည် ဆံချည်တစ်မျှင် စာမျှပင် မတားဆီးရက် ခဲ့ပါချေ။ အမေကိုယ်၌က ပညာတတ်ကြီး တစ်ယောက် မဟုတ်ခဲ့ပေမယ့် သမီးကိုတော့ဖြင့် ပညာတတ် တစ်ယောက် ဖြစ်လာအောင် အမေ့ ရှိသမျှ အားမာန်အပြည့်နှင့် ပြုစု ပျိုးထောင်ပေးခဲ့သည်။ သားသမီးများစွာ၏ အလယ်၌ ဖတဆိုး သမီးလေးရယ်လို့ အမေ့သမီး ဘယ်အခါကမှ မျက်နှာ မငယ်ခဲ့ရပါ။ သမီးပင် မမှတ်မိလိုက်သည့် သွားလေသူ သမီး အဖေ၏ ကိုယ်စားကော၊ အမေ့ မေတ္တာပါ ပေါင်းစပ်ကာ သားသမီး တစ်ယောက် အနေနှင့် သမီး ပိုင်ဆိုင်ခွင့် ရခဲ့သည့် မေတ္တာသည်အခြား သားသမီးတွေထက် မသာလျှင်တောင် တစ်ရွေးသားမျှမလျော့ကြောင်းကိုဖြင့်အမေတပ်အပ်သေချာပြောနိုင်ပါသည်။
မြင့်မြင့် ပျံစေချင်သူ အမေ့ရင်ခွင်ဆီမှ အချိန်တန်၍ သမီးပျံသန်းသွားသည်ကို ၀မ်းနည်းဝမ်းသာစွာ အမေ ငေးမောကျန်ရစ်ခဲ့သည်။ “သမီးသွားလို့ ဖြစ်ပါ့မလား” ဟု သမီး နောက်ဆံတင်းနေ သည်ကို အမေက စိတ်ပူစရာ မလိုကြောင်း နှစ်သိမ့်တိုက် တွန်းခဲ့သေးသည်။ သမီးနှင့် မခွဲလိုသော်လည်း သမီးဟာ အမေ့လို ခြံအလုပ်နှင့် တကုပ်ကုပ် အချိန်ကုန် ခံရမည့် ပညာမဲ့ တစ်ယောက် မဟုတ် ပေဘူး။ အမေတို့ အိမ်ကလေး မှ အနောက်ဘက်တောင်ယံ တစ်ကြောဆီ လှမ်းမျှော်ကြည့် လိုက်သည့် အခါ နေခြည်အောက်၌ ရွှေရည်ရောင် တောက်ပနေသော တောင်နေကြာဝါ၀ါ တို့ကို သမီးတွေ့ဖူးသည် မဟုတ်လား။ သမီး၏အနာ ဂတ်ပန်း ပွင့်လန်းဖို့ရာမှာ နေရောင်ခြည် လုံလုံလောက် လောက်ရနိုင်မည့် နေရာဆီသို့သွားရပေမည်။
ထိုမှ သမီးနှင့်ရှေ့နောက် မရှေးမနှောင်းပင် သမီးနှင့် ရွယ်တူ အဖော်တွေပါ တစ်နေရာစီ ရောက်ရှိကုန်သော အခါ သမီးသည် အဝေးတစ်နေရာ ၌ အမေ့အတွက် စိတ်ချဖွယ်၊ မိမိကိုယ်ကို သင့်တင့်သော ယုံကြည်မှုဖြင့် မတ်မတ်ရပ် နိုင်ခဲ့ပြီ ဖြစ်သော မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဟိုဆီမှာ ရာသီဥတုက ဖြင့် အတော်ပူသတဲ့။ လေအေးစက်၏ အရသာသည် သမီးတို့ တစ်သက် ခိုလှုံ လာခဲ့သော မြို့ကလေး၏ သဘာဝ အအေးဓာတ်နှင့် အရသာချင်း ကွာလှသတဲ့။ ပြီးလျှင် လုပ်ငန်းခွင်၌ တစ်ဦးနှင့် တစ်ဦး “နေရာ”မပေးချင်သော ရောင်စုံ စိတ်ဓာတ်များ၊ အံ့ဖွယ် လောကဓံ၏ အဖြစ်သနစ်တွေ အကြောင်း အမေ့ကိုတိုင်တည် ဖွင့်ဟချင်၊ အမေပူပန်စိတ် ညစ်မှာလည်း စိုးရှာသူသမီးက နောက်ဆုံး စာကြောင်းအဖြစ် “ဒါပေမယ့် စိတ်မပူပါနဲ့ အမေရယ်။ သမီးက အားလုံး နှင့်အဆင်ပြေအောင် နေတတ်ပါတယ်”ဟုအဆုံးသတ်တတ်သည်။
အမေကတော့ “မေတ္တာ” နှင့် ဆက်ဆံလျှင် ဘ၀၌ တိမ်းစောင်းဖွယ်မရှိ ကြောင်း သမီးကို တဖွဖွ အားပေးခဲ့သည်။ ထိုမှ တစ်နှစ် ပြည့်၍ သမီးပြန်လာချိန်မှာ ခွင့်ရက်စေ့လျှင် အလုပ်ခွင်ပြန် ၀င်ဖို့ရာ အသင့်ဖြစ်နေသော ရင့်ကျက်သူ တစ်ယောက် အဖြစ် အမေ မြင်ခွင့် ရခဲ့ပါသည်။ အလုပ်ခွင်၌ နေရာရသော “ကြီးကြပ်သူ” ပီပီ အရွယ်နှင့်မမျှ ရင့်ကျက် တည်ငြိမ်ပါသည် ဆိုသော သမီးသည် အမေ့ ရင်ခွင်ဆီ ပြန်ရောက် လာလျှင်ဖြင့် ပီဘိ ကလေးငယ်သဖွယ်ပင်။ အမေချက်ကျွေးတာ စားသည်။ အမေ ဆင်ပေးတာဝတ်သည်။ အမေ့အပြုအစု အယုယကို ခံယူသည်။ ထိုကာလ၌ “ဘယ်တော့ ပြန်သွားမလဲ” ဟု မေးသူရှိလာလျှင် သမီး က မကြိုက်တော့ချေ။

ကိုယ်တိုင်လည်း အမေ့ကို အရမ်းချစ်သလို .. လူသားတိုင်း(သားသမီးတိုင်း)လည်း အမေဆိုတာကို ချစ်ကြသူချည်းသာလို့ ယုံကြည်ပါတယ် ..။ ကိုယ်တိုင်သည်လည်း ယနေ့အချိန်ထိ ရပ်တည်နေနိုင်တာ အဓိက ကတော့ အမေဆိုတာ ဘေးနားမှာ အမြဲ ချွေးသိပ်ပေးနေလို့ပါပဲ ...။ အမေရှိနေသေးတယ်ဆိုတဲ့ အသိစိတ်ဟာ... အမေသာ ရှိရင်ဆိုတဲ့ တွေးနဲ့၊ စိတ်နဲ့ ရပ်တည်နေတာပါ ..
အမေသာရှိရင် .. ဆိုတဲ့ အတွေးနဲ့လည်း ကိုယ့်ကိုယ်ကို ကြိုတင်ပြင် ဆင်ထားပါတယ် ..ဒီလိုပဲ အမေချစ်တဲ့ သား၊သမီးတိုင်းကိုလည်း ဒီလိုမျိုးလေး အမေသာ ရှိရင် ကိုယ့်ကိုယ် ကို စောင့်ရှောက်ပေးခြင်းဖြင့် မိမိ၊ သူတစ်ပါးအကျိုးကို သယ်ပိုးဆောင်ရွက်ပေးရင်း ရှင်သန်တတ်ကြပါစေလို့

လှမ်းမျှော်ကြည့်မိရာ အဝေး တစ်နေရာ ဆီမှာတော့ နေရောင် မကျရောက် သေးသော အေးစက်စက် နှင်းထု ကြားမှ တောင်တန်းကြီးများ သည် သမီးတို့ တွေကို ခပ်စိမ်းစိမ်းပင် ငုံ့မိုးကြည့် နေခဲ့ပါသည်။ အမေ
အမေချစ်တဲ့ သား၊သမီးတိုင်းရှင်သန်နေထိုင်တတ်ကြပါစေလို့ ဆန္ဒပြုပါတယ် ..........
ကိုဌေလွင်၊မဇင်မာ မိသားစုတို့၏ လွန်ခဲ့သော ၇နှစ်မြှောက်ကွယ်လွန်သွားခဲ့သော မွေးမိခင်းကြီးအားရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်ပွဲ အမှတ်တရဂုဏ်ပြုရေးဖွဲ့ပါသည်။
စတီရယ်ဒေါမြို့ စံကင်း

No comments:

Post a Comment

စိတ်ထဲရှိတာတစ်ခုခုရေးခဲ့ပေါ့